ဇူလိုင် (၃) ရက်။
ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ရှိ ခန်းယူနစ်စ်အရှေ့ပိုင်းနှင့် ရာဖာတွင် နေထိုင်သူများကို အစ္စရေးစစ်တပ်က ဇူလိုင်လ (၁) ရက်နေ့တွင် ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မြေပြင်စစ်ဆင်ရေးအသစ်များ စီစဉ်နေခြင်းကြောင့်ဟု ယူဆရပါသည်။
ဂါဇာကမ်းမြှောင်ရှိ ကျန်ရှိသည့် ဆေးရုံအနည်းငယ်ထဲမှ တစ်ခုဖြစ်သည့် ခန်းယူနစ်စ်ရှိ ယူရိုပီယံဂါဇာ (European Gaza) ဆေးရုံလည်း ပါဝင်သည်။
ဆေးရုံ၏ဒုတိယဥက္ကဋ္ဌနှင့် ဆရာဝန်များ၏ ပြောကြားချက်အရ အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာများနှင့် မွေးကင်းစကလေးငယ်များကို ဆေးပစ္စည်းကိရိယာများနှင့်အတူ အခြားဆေးရုံများသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ ဆေးရုံ၏ လက်ထောက်ဒါရိုက်တာက CNN သတင်းဌာနကို “ အခင်းဖြစ်ရာက ဖရိုဖရဲဖြစ်ပြီး အခြေအနေက အရမ်းခက်ခဲပါတယ်” ဟု ပြောကြားခဲ့သည်။ ဤဆေးရုံကို အပြောင်းအရွှေ့ လုပ်ရသည်မှာ တတိယအကြိမ်မြောက်ဖြစ်ကြောင်း ပြောပါသည်။
ခန်းယူနစ်စ်ရှိ အာမယ်လ်ဆေးရုံသည် ယူရိုပီယံဂါဇာဆေးရုံမှ ပို့ဆောင်ထားသော ဒဏ်ရာရရှိသူများနှင့် ပြည့်လျှံနေပြီဖြစ်ကြောင်း ပါလက်စတိုင်းလခြမ်းနီအသင်းက ဇူလိုင်လ (၁) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ မြို့တွင်းရှိ နာဆာဆေးရုံသည်လည်း ယူရိုပီယံဂါဇာဆေးရုံမှ လူနာများဖြင့် ပြည့်နေပြီး ကျန်လူနာများကို အာမယ်လ်ဆေးရုံက လက်ခံကုသပေးနေသည်ဟု သိရှိရပါတယ်။
ကနဦး ရွှေ့ပြောင်းရန် အမိန့်ပေးပြီးနောက် နာရီအနည်းငယ်အကြာတွင် အစ္စရေးစစ်တပ်က အဆိုပါအမိန့်သည် ယူရိုပီယံဂါဇာဆေးရုံရှိ လူနာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် မသက်ဆိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဆိုရှယ်မီဒီယာများတွင် တင်ထားသည့် ဒေသဆိုင်ရာ ဗီဒီယိုများတွင် ဆေးရုံတင်ထားရသည့်လူနာများကို လမ်းပေါ်တွင် ထမ်းစင်များပေါ် တင်ဆောင်သွားကြသည်ကို တွေ့မြင်ရပါသည်။
လအတန်ကြာ တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့များသည် ဧပြီလတွင် ခန်းယူနစ်စ်မှ မြေပြင်တပ်များကို ဆုတ်ခွာခဲ့သည်။
ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ (UNRWA) မှ ပြောရေးဆိုခွင့်ရှိသူက အစ္စရေး၏အမိန့်ကို တုံ့ပြန်သည့်အနေဖြင့် လူပေါင်း ၂၅၀၀၀၀ ခန့်ကို ပစ်မှတ်ထားနေရာမှ ရွှေ့ပြောင်းပေးမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။
မူရင်းသတင်း။ CNN
ဓာတ်ပုံ။
အစ္စရေးစစ်တပ်က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးပြီးနောက် ပါလက်စတိုင်းသားများကို တွေ့ရစဉ်