ဇူလိုင်လ (၁၉)ရက်။
မနေ့က မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်း (၅)ခုနဲ့အတူ လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မိုးကုတ်အရှေ့ပိုင်းက သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ရေကန်တောင်စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ညောင်သုံးပင်စခန်းနဲ့ ဖောင်တော်ဦးအနီးရှိ စခန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့က နံနက်(၁၀)နာရီကျော်အချိန်မှာ လေးမျက်နှာဘုရား၊ မောနိရကျောင်း၊ ညောင်သုံးပင်နဲ့ ပတ္တမြားစေတီအနီးတို့မှာ စစ်ကောင်စီတပ်နဲ့ TNLA၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လပခ/ခလရ(၇၁၊ ၈၈)တပ်ဖွဲ့၀င်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ရေကန်တောင်နဲ့ ပန်းမထိပ်ရွာအနီးမှာလဲ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲတွေထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေဟာ ကုန်းမြင့်သာယာ၊ မင်းတံတားရပ်၊ ဖောင်တော်ဦးဘုရား၊ ဟက်ဖလားရပ်နဲ့ မြို့မရပ်ကွက်တို့မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး သီလရှင် (၃)ပါးအပါအ၀င် အရပ်သား (၉)ဦးသေဆုံးကာ (၁၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အပစ်ရပ်ဖို့ ညွှန်ကြားထားတဲ့ (၄)ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သား (၁၈)ဦးသေဆုံးကာ (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။