ဇူလိုင်လ (၂၄)ရက်။
DKBA ပေါ်ပေါက်ချိန်က ဆုံးရှုံးသွားတဲ့ နယ်မြေတွေထဲက အချို့ကို ပြန်လည်ရရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဆုံးရှုံးသွားခဲ့တဲ့ နယ်မြေတွေထဲက တပ်မဟာ(၅)ရှိ သံလွင်မြစ်ကြောင်းတလျောက်နယ်မြေတွေက တပ်စခန်းတွေနဲ့ တပ်မဟာ(၆)က ကျိုက်ဒုံဗျူဟာတပ်စခန်းနဲ့ လက်အောက်ခံတပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ပြန်လည်သိမ်းပိုက်ရရှိခဲ့တဲ့ သံလွင်မြစ်ကြောင်းတလျောက်က တပ်စခန်းတွေဟာ ကျောက်ညှပ်စခန်း၊ ကဟိကျိုးစခန်း၊ မော်ရစ်ကျိုးစခန်း၊ ဖါးခက်ကျိုးစခန်း၊ မယ်တရိထာစခန်း၊ အူးသူးထာစခန်း၊ လယ်တိုးစခန်း၊ မော်ဖိုးကျိုးစခန်း၊ မယ်ရာထာစခန်း၊ မယ်ပေါ်မူထာစခန်း၊ မော်မူကျိုးစခန်း၊ သေရောထာစခန်း၊ သူးမွဲထာစခန်း၊ ကောကောထာစခန်းနဲ့ ဟောမဒေါစခန်းတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ကျိုက်ဒုံဗျူဟာတပ်စခန်းနဲ့ လက်အောက်ခံတွေဖြစ်ကြတဲ့ ထီးထာဘောစခန်း၊ ကွီးလယ်တဲစခန်း၊ ပဲခလဲစခန်း၊ ဖိုးဆီမူစခန်း၊ ကျောထာစခန်း၊ ကရိစခန်း၊ ရှိုးထာစခန်း၊ မယ်ကဒီစခန်းနဲ့ ကတ်လီခီးစခန်းတို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ပြန်လည်ရရှိခဲ့တဲ့ တပ်စခန်းတွေဟာ သွေးခွဲတဲ့မဟာဗျူဟာကြောင့် KNLA/KNDO တပ်ဖွဲ့၀င်တွေ DKBA အနေနဲ့ရပ်တည်ပြီး စစ်တပ်နဲ့ပူးပေါင်းကာ KNU ကိုထိုးစစ်ဆင်တာကြောင့် ဆုံးရှုံးလိုက်ရတာလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒီလိုဆုံးရှုံးသွားခဲ့တဲ့ နယ်မြေတွေထဲက တပ်မဟာ(၅)နဲ့ (၆) နယ်မြေ (၂)ခုကို အလုံးစုံ ပြန်လည်သိမ်းပိုက်ရရှိထားပြီဖြစ်ကာ အခြားစခန်းတွေကိုလဲ သိမ်းပိုက်ရရှိထားပေမယ့် အလုံးစုံမရရှိသေးတာကြောင့် ဆက်လက်ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။