ဇူလိုင်လ (၂၅)ရက်။
မနေ့က ညနေပိုင်းမှာ ကန့်ဘလူမြို့ရှိ ကျီကုန်းရွာတံတားဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Myanmar Paladin Force U 18 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ကျီကုန်းရွာတံတားဂိတ်ကို ကန့်ဘလူခရိုင်-ပကဖ အထူးလှုပ်ရှားမှုအဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံရတဲ့အထဲ စစ်ကောင်စီဘက်က (၁၄)ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီထံကနေ လက်နက် (၁၆)လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျီကုန်းရွာတံတားဂိတ်ရှိ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ကားတစ်စီးနဲ့ စီးနင်း၀င်ရောက်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်အရ သိရပါတယ်။
“ ကျီကုန်းရွာတံတားဂိတ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဗိုလ်ပိုင်ချဲ(ကန့်ဘလူခရိုင် အထူးလှုပ်ရှားရေးအဖွဲ့)နဲ့ JH (KU)အဖွဲ့ရဲဘော်တွေက အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ” လို့ ပြောဆိုထားပါတယ်။
စစ်အုပ်စုထံကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေဟာ MA1 တစ်လက်၊ G3 (၃)လက်၊ ပြောင်းချော (၁)လက်၊ ကာဘိုင် (၁၀)လက်နဲ့ ၇၉မမ တစ်လက်အပြင် ကျည်ဆန်နဲ့ ခဲယမ်းတွေ ပါ၀င်တယ်လို့ သိရပါတယ်။