ဩဂုတ်လ (၂)ရက်။
မနေ့က နေ့လယ် (၃)နာရီခန့်က ကနီမြို့နယ်၊ ချင်းတွင်းမြစ်တနေရာမှာ စစ်ကောင်စီစစ်သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ကျောက်လုံးကြီးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီစစ်သင်္ဘောအပါအ၀င် စုစုပေါင်း သင်္ဘော (၁၇)စီးခန့်ဟာ မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ဆန်တက်လာချိန် RPG 7 နဲ့ စနိုက်ပါတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသင်္ဘောတွေဟာ ကနီမြို့ကို ကမ်းကပ်နေချိန်မှာလဲ ကာကွယ်ရေးတပ်ဖွဲ့တွေက ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။
ပစ်ခတ်ခံရတာကြောင့် မြစ်ထဲသွား စစ်သင်္ဘောနဲ့ စစ်ကောင်စီရဲ့ တပ်မ(၂၂)လက်အောက်ခံ၊ ခမရ(၂၀၄)နဲ့ နမခလက်အောက်ခံ ထပရ(၉၂၉)က စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
KLG-PDF ကျောက်လုံးကြီးက ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်ထဲ စစ်သင်္ဘောတစီး RPG ထိမှန်ခဲ့သလို စစ်ကောင်စီဘက်က အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့တာကို တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေကို ဗျူဟာ (၄၅) KLG-PDF (ကျောက်လုံးကြီး)အဖွဲ့နဲ့ Chindwin Rocket Brother(CRB)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားချက်အရ သိရပါတယ်။