ဩဂုတ်လ (၂)ရက်။
ဒီကနေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်က ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ ခမရ(၅၀၁၊ ၅၀၂)စခန်းကုန်းကို တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ခမရ(၅၀၁၊ ၅၀၂)စခန်းကုန်းဟာ ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်ပြီး TNLA က အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စခန်းမကျစေဖို့ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ ပတ္တမြားစေတီအနီးကို ဂျက်ဖိုက်တာနဲ့ (၇)ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မနေ့က ဩဂုတ်လ (၁)ရက်နေ့ကလဲ စစ်ကောင်စီတပ်ဘက်က ကျောက်မဲရှိ ခမရ(၅၀၁၊ ၅၀၂)တပ်စခန်းအနီးကို Y12 လေယာဉ်နဲ့ လက်နက်ခဲယမ်း (၂)ကြိမ် လာချပေးပြီး ဗုံး (၃၅)လုံး ကြဲချခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လည် (၂)နာရီ၀န်းကျင်က နောင်ချိုမြို့နယ်ရှိ သဲခေါ်ရွာကို စစ်အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။
နောင်ချိုမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်က Mi-35 နဲ့တကြိမ် လာရောက်ပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။