ဩဂုတ်လ (၃)ရက်။
ဒီကနေ့ မုံရွာ-ပုသိမ်လမ်းမပေါ်ရှိ မြောက်ယမားတံတားပေါ်မှာ “ ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ” ဆိုတဲ့ စာသားကိုင်ဆောင်ပြီး ချီတက်သပိတ်မှောက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလိုချီတက်သပိတ်မှောက်တာကို ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲကော်မတီက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အတူ အကြပ်အတည်းကို ထိုးခွဲပြီး လူထုတရပ်လုံး အုံကြွတော်လှန်ဖိူ့ အချိန်ကြပြီဖြစ်ကာ လူထုအုံကြွတဲ့လှိုင်းတွေနဲ့ အောင်ပွဲကို ချီတက်ရမှာလို့ တိုက်တွန်းထားပါတယ်။
အောင်ပွဲနဲ့အတူ တော်လှန်ရေးအရှိန်ရလာတာနဲ့အမျှ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်း အကြောင်းပြုပြီး တော်လှန်ရေးအရှိန်ကို ယုတ်လျော့သွားစေကာ အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ ပွဲစားဆန်ဆန် ဆောင်ရွက်လာနေတာကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပြည်သူ့တော်လှန်ရေးကြီး ဘယ်သူတဦးတယောက်သာမက ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံက ဟန့်တားပိတ်ဆို့ ဆောင်ရွက်လာတာတွေကို ပြည်သူတရပ်လုံးအနေနဲ့ ငြိမ်ခံနေမှာမဟုတ်ဘူးလို့ သပိတ်တိုက်ပွဲကော်မတီက ရေးသားထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလထဲ အောင်ပွဲနဲ့အတူ အထွေထွေအကြပ်အတည်းနဲ့ ပိုမိုရင်ဆိုင်နေရကာ အဲ့ဒီအကြပ်အတည်းဟာ စစ်အာဏာရှင်တွေရဲ့ ဆိုးညစ်ယုတ်မာမှုတွေဖြစ်ပြီး ဆိုးညစ်ဆုတ်ယုတ်မှုတွေ အဆုံးသတ်ဖို့ တော်လှန်ရေးမှတပါး အခြားမရှိဘူးလို့ ပြောဆိုထားချက်အရ သိရပါတယ်။