ဩဂုဝ်လ (၉)ရက်။
ဩဂုတ်လ (၆)ရက်နေ့က ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်မှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဒေသခွဲရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရေဖြူကန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLAတပ်ရင်း(၉) ဒရုန်းတပ်ဖွဲ့၊ ပဲခူးခရိုင် PDFတပ်ရင်း (၃၇၀၂)ဒရုန်းတပ်ဖွဲ့နဲ့ PDFတပ်ရင်း တောကျီးကန်းဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး ခမရ(၃၄၉)ဒုရင်းမှူး(ယာယီတပ်ရင်းမှူး)နဲ့ တပ်ခွဲမှူးတို့ သေဆုံးခဲ့ပြီး တပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ အဲ့ဒီဒေသက ပြည်သူတွေကို ပေါ်တာဆွဲတာ၊ ဓားစာခံအနေနဲ့ ဖမ်းဆီးချူပ်နှောင်တာနဲ့ ပြည်သူလူထုရဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကို နှောက်ယှက်တာတို့ကို ပြုလုပ်နေတာလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ရေဖြူကန်ကျေးရွာမှာ တပ်စွဲထားတဲ့ အဲဒီစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်တာတို့ကြောင့် ဇွန်လနဲ့ ဇူလိုင်လထဲ အပြစ်မဲ့ပြည်သူ (၇)ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။