သြဂုတ်လ (၉) ရက်။
ပြီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရခဲ့တဲ့ပါတီဖြစ်ပြီး သြဂုတ်လ ၇ ရက်နေ့က ထိုင်းအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းတာခံလိုက်ရတဲ့ Move Forward Party (MFP) ကို ထိုင်းလို “ ဖတ်ပချာချွန်” အင်္ဂလိပ်လို People’s Party မြန်မာလို “ လူထုပါတီ” ဆိုတဲ့ အမည်သစ်နဲ့ ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ထိုင်းလွှတ်တော်အတွင်းမှာ ရှိနေတဲ့ တဲ့ Move Forward ပါတီဝင် လွှတ်တော်အမတ် ၁၄၃ ဦးလည်း အဲ့ဒီပါတီအသစ်ကို အားလုံးဝင်ရောက်မှာ ဖြစ်ပါတယ်။
ပါတီသစ် ဖွဲ့စည်းချိန် MFP ပါတီရဲ့ လက်ထောက်အထွေထွေ အတွင်း ရေးမှူးဖြစ်သူ နတ်တာဖုံ (Natthaphong) ကို ပါတီခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ နတ်တာဖုံဟာ အသက် ၃၇ နှစ်သာရှိနေပြီး ချူလာလောင်ကွန်းတက္ကသိုလ်ကနေ ကွန်ပျူတာအင်ဂျင်နီယာနဲ့ ဘွဲ့ရထားပြီး Move Forward ပါတီရဲ့ ကွန်ပျူတာနဲ့ အချက်အလက်နည်းပညာပိုင်းအားလုံးကို တာဝန်ယူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ပါတီခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံရတဲ့ နတ်တာဖုံဟာ ဘန်ကောက်မှာရှိတဲ့ Thai Summit တာဝါကို Move Forward ပါတီက ပါတီဝင်များနဲ့အတူ ရောက်ရှိလာပြီး ပါတီအသစ် ထူထောင်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။
“ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ပြည်သူသာ အဓိကအရေးကြီးဆုံး ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံရဲ့အာဏာအရှိဆုံးသူတွေ ဖြစ်ပါတယ်။ လူထုပါတီဟာ ပြည်သူတွေနဲ့ပဲ ဆိုင်ပါတယ်။ နိုင်ငံရဲ့အမြင့်ဆုံး အာဏာဟာ ပြည်သူတွေရဲ့ လက်ထဲမှာပဲရှိပြီး နိုင်ငံဟာ ပြည်သူတွေအတွက်ပဲ ဖြစ်ရပါမယ်” လို့ ပါတီခေါင်းဆောင်သစ် နတ်တာဖုံက ပြောခဲ့ပါတယ်။
ထိုင်းအခြေခံဥပဒေခုံရုံးက Move Forward ပါတီ ဖျက်သိမ်းဖို့ အမိန့်ချပြီး နောက်တနေ့မှာ ဗိုလ်ချုပ်ကြီးပရာဝိ ခေါင်းဆေင်တဲ့ ပါတီကနေ ပုဒ်မ ၁၁၂ ကိုပြင်ဖို့ လက်သုံးချောင်းထောင်ခဲ့ကြတဲ့ Move Forward ပါတီက နောက်ထပ် ၄၄ ယောက်ကို အမြန်ဆုံးနဲ့ အပြင်းထန်ဆုံးအရေးယူပေးပါဆိုပြီး တရားရုံးကို အမှုထပ်တင်ထားတယ်လို့ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက ပြောပါတယ်။