ဩဂုတ်လ (၁၂)ရက်။
မြင်းခြံခရိုင်စစ်ဆင်ရေးထဲ စစ်ကောင်စီတပ်စခန်း (၄)ခုနဲ့ ဌာနဆိုင်ရာရုံးတွေအားလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ Natogy People Defence Force ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၃၀)ဦးကျော်သေဆုံးကာ လက်နက် (၂၇)လက်နဲ့ စစ်သုံ့ပန်း (၃)ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အထူးစစ်ဆင်ရေးကို မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း Natogyi People Defence Force၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖ၊ တံတားဦးမြို့နယ်ပကဖနဲ့ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအနေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဩဂုတ်လ (၁၀)ရက်နေ့ကစပြီး နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တို့ကို တပြိုင်ထဲ ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီမြို့နယ်တွေထဲ နွားထိုးကြီးမြို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ နွားထိုးကြီးရဲစခန်းအပါအ၀င် စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
တိုက်ပွဲတွေကြောင့် နွားထိုးကြီးမြို့နယ်ထဲက စည်ပင်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ မြို့နယ်တရားရုံးတို့ မီးလောင်ပျက်စီးခဲ့ကာ မနေ့က နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီဘက်က မြို့ကို ပြန်လည်ထိန်းချုပ်ထားတယ်လို့ စစ်လော်ဘီတွေရဲ့ ရေးသားထားချက်အရ သိရပါတယ်။