ဩဂုတ်လ (၁၄)ရက်။
လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ အာဏာသိမ်းတယ်ဆိုတာ ကောလာဟလလို့ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ငြင်းဆိုထားချက်အရ သိရပါတယ်။
အခုလိုသတင်းပျံ့နှံ့လာတာတွေဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်မမှန် ကောလာဟလတွေကို ဝါဒဖြန့်ထုတ်လွှင့်တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ငြင်းဆိုထုတ်ပြန်ချက်ထဲ နိုင်ငံတော်အကြီးအကဲနဲ့ တာ၀န်ရှိသူတွေအနေနဲ့ နိုင်ငံ့တာ၀န်တွေကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်နေတယ်လို့လဲ ဖော်ပြထားပါသေးတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းတာနဲ့ပတ်သက်ပြီး နေပြည်တော်နဲ့နီးစပ်တဲ့ CDM ဗိုလ်ကြီး ဇင်ယော်က တပ်တွင်းကနေရရှိခဲ့တာကို ကိုးကားပြီး ရေးသားခဲ့ပြီးနောက် ပြည်သူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာနေကြတာပါ။
“ ဒီကိစ္စက ဟုတ်ဟုတ်မဟုတ်ဟုတ် ပူလင်းတူ ဘူးဆို့တွေပဲဆိုတော့ သိပ်ပြီး ထူးဆန်းတာတော့မဟုတ်ပါဘူး။ အနည်းနဲ့အများတော့ စိတ်၀င်စားကြတာမျိုးပါ။ ဒါကလဲ နိုင်ငံအရေးကို ပြည်သူတွေ ဘယ်လောက်ထိ စိတ်၀င်တစားစောင့်ကြည့်နေလဲဆိုတာ မြင်တွေ့ရတာပေါ့။ သူတို့ဘက်က ဘယ်လိုပြောင်းလဲပြောင်းလဲ အာဏာရှင်တွေကို တိုက်ထုတ်ရမှာက အဓိကတာ၀န်ပဲ” လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် မနေ့က ညပိုင်းအချိန်မှာလဲ CDM ဗိုလ်ကြီး ဇင်ယော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိန်းသိမ်းလိုက်ပြီဆိုပြီး ရေးသားထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းတဲ့သတင်း ထွက်ပေါ်ပြီးနောက် နေပြည်တော်ရှိ ခြောက်လုံးတန်းဘက်မှာ လုံခြုံရေးတင်းကြပ်တာတွေ ရှိတယ်လို့ နေပြည်တော်အသိုင်းအဝိုင်းဘက်က ပြောဆိုထားချက်တွေအရ သိရပါတယ်။