ဩဂုတ်လ (၁၆)ရက်။
ဂန့်ဂေါမြို့ရှိ စစ်ကောင်စီလက်အောက်ခံ MOGE ရဲ့ ရေနံမှော်ကင်းစခန်းနဲ့ ရေနံကျင်းကင်းစခန်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ MOGE ရဲ့ ကင်းစခန်း (၂)ခုထဲက ရေနံမှော်ကင်းစခန်းဟာ Well-1 ထုတ်လုပ်ရေးစခန်းဖြစ်ပြီး ဩဂုတ်လ (၁၅)ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီရဲ့ ကပစ(၂၃)က ဗိုလ်ကြီး သော်ဇင်အောင်နဲ့ ဒုရဲအုပ် ကိုကိုအောင် အပါအ၀င် (၁၂)ဦးသေဆုံးပြီး ကပစ(၂၃)က ဒုအရာခံဗိုလ် ဝင်းမြင့်ထွန်းအပါအ၀င် (၁၂)ဦး ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေထဲ တော်လှန်ရေးရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီထံကနေ လက်နက်မျိုးစုံ (၃၀)လက်၊ ကျည်မျိုးစုံ (၂၆၀၀)ကျော်၊ မိုင်း (၇)လုံး၊ ဗုံးသီး (၆)လုံးနဲ့ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့လဲ ရေးသားထားပါတယ်။
စစ်ကောင်စီကင်းစခန်း (၂)ခုကို ဂန့်ဂေါခရိုင်တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ABSDF၊ KKG တပ်ရင်း (၄၊ ၅၊ ၆)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Hyper UAV Force)နဲ့ ကျောတိုက်နယ်ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။