စက်တင်ဘာလ (၂)ရက်။
ဩဂုတ်လ (၃၁)ရက်နေ့က ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကုန်းမြင့်သာယာရှေ့တန်းစခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ကုန်းမြင့်သာယာစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက နံနက်ပိုင်းအချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နေ့လယ် (၁)နာရီခန့်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲထဲ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းတွေ၊ ဆန်အိတ် (၄၀၀)ကျော်နဲ့ ရိက္ခာအမြောက်အများ သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်စစ်တပ်က အရာရှိ (၁)ဦး အပါအဝင် တပ်သား (၅)ဦးခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဘောကထာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဲ့ဒီစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပြီး ကုန်းမြင့်သာယာရွာ စစ်စခန်းမှာ ရှေ့တန်းစခန်းပြုလုပ်တပ်စွဲထားချိန် ပူးပေါင်းတပ်ဖွဲ့တွေက ထပ်မံသိမ်းပိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ကုန်းမြင့်သာယာစစ်စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၇၀၂)၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ PDF Spring Warrior စစ်ကြောင်းနဲ့ KNLA တပ်ရင်း(၉) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။