စက်တင်ဘာလ (၂)ရက်။
မနေ့က နေ့လယ်ပိုင်းအချိန်က ထီးချိုင့်မြို့၊ မောင်းကုန်းရွာကို စစ်ကောင်စီက လေကြောင်းနဲ့ (၂)ကြိမ် ဗုံးကြဲခဲ့တယကြောင့် ပြည်သူ (၆)ဦးသေဆုံးခဲ့တယ်လို့ Tigyaing Revolution(TR)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နေ့လယ် (၂)နာရီခွဲနဲ့ (၃)နာရီလောက်မှာ စကစက စစ်ရေးပစ်မှတ်မဟုတ်တဲ့ မောင်းကုန်းရွာကို လေကြောင်းနဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ပြည်သူ (၆)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့ပါတယ်” လို့ TR က ဆိုပါတယ်။
စစ်ကောင်စီဟာ မိတ္ထီလာမြို့ကနေ ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းကနေ (၂)ကြိမ် မောင်းကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပိပိရိရိဆိုင်ရှေ့နဲ့ ဂရိတ်ဝေါပေါက်နား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ပစ်ခတ်လိုက်တဲ့ ဗုံးသီးဟာ ပိပိရိရိဆိုင်ရှေ့ရှိ ဆီပေပါတွေတင်ထားတဲ့ ကားပေါ်ကို ကျရောက်ခဲ့တာကြောင့် ပြည်သူ (၆)ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့နေရာဟာ ဈေးအနီးဖြစ်ပြီး စစ်ရေးပစ်မှတ်တွေမရှိဘဲ အရပ်သားတွေရှိတဲ့နေရာဖြစ်တယ်လို့ Tigyaing Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။