စက်တင်ဘာလ (၃)ရက်။
ဒီကနေ့ နံနက် (၄)နာရီကျော်အချိန်က မန္တလေးရှိ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို Brave Warriors for Myanmar(BWM)ရဲ့ စီမံမှုနဲ့ Shadow Mandalay အဖွဲ့ဟာ ၁၀၇မမ ရှော့တိုက်ဒုံး (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့ရာ (၇)လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ “ ၁၀၂၇ စစ်ဆင်ရေး” နဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ စစ်ရှုံးစစ်ကောင်စီဘက်က တန်ပြန်ခုခံနေတဲ့ စစ်စခန်းတွေကို အဓိကကွပ်ကဲနေတဲ့ အရေးပါတဲ့ စစ်တိုင်းဌာနချုပ် (၂)ခုထဲက တစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ စစ်တိုင်းကွပ်ကဲရေးဌာနချုပ် (၂)ခုထဲက တစ်ခုဖြစ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ဖြိုခွင်းသိမ်းပိုက်နိုင်ခဲ့ကာ BWM အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေကလဲ စစ်ဆင်ရေးကို ပူးပေါင်းပါ၀င်ကူညီတဲ့အနေနဲ့ ကျန်ရှိတဲ့ စစ်ဌာနချုပ်ကို ဖြိုလဲဖို့ တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒုတိယအကြိမ်အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရှုံးစစ်ကောင်စီရဲ့ လေတပ်နဲ့ အခြားအရေးကြီးတဲ့ စစ်ရေးပစ်မှတ်တွေကို နိုင်ငံတ၀န်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ပွဲ၀င်နေတယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ထိခိုက်ပျက်စီးတဲ့အခြေအနေအသေးစိတ်ကိုတော့ BWM က ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ဒါ့အပြင် BWM ဟာ မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီး အေလာလေတပ်စခန်း၊ တောင်ငူလေတပ်စခန်းနဲ့ တံတားဦးလေတပ်စခန်းတို့ကို တိုက်ခိုက်ခဲ့ကာ စစ်ရှုံးစစ်ကောင်စီ ပြိုလဲတဲ့အထိ တိုက်ပွဲ၀င်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။