စက်တင်ဘာလ (၄)ရက်။
AA၊ MNDAA နဲ့ TNLA တို့ကို စစ်ကောင်စီက အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာတာဟာ တရားမ၀င်ဘူးလို့ NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုလို အမိန့်ကြေညာစာကို NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၆)၊ ပုဒ်မခွဲ (င)နဲ့ ပုဒ်မ (၇၂)၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ထုတ်ပြန်တာလို့ ဆိုပါတယ်။
စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ “ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အမည်ရှိတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၂၁ခုနှစ်မှာ အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာထားပါတယ်။
NUG တရားရေး၀န်ကြီးဌာနကလဲ “ အိမ်စောင့်အစိုးရအဖွဲ့” လို့ အမည်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကို မတရားအသင်းအနေနဲ့ ထပ်မံ ကြေညာခဲ့ပါတယ်။
ဒါ့ကြောင့် မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအနေနဲ့ သတ်မှတ်ထားတဲ့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဟာ AA၊ MNDAA နဲ့ TNLA တို့ကို ကြေညာတာက တရားမ၀င်ဘူးလို့ ဆိုပါတယ်။
အဲ့ဒီ “ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့” လို့ အမည်ရှိတဲ့ အဖွဲ့ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေထဲ ပူးပေါင်းပါ၀င်တာကြောင့် NUG က အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာလိုက်ပြီး အဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့၀င်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။