စက်တင်ဘာလ (၄)ရက်။
ဩဂုတ်လ (၂၀)ရက်နေ့ နံနက် (၃)နာရီခန့်မှာ အင်းစိန်ထောင်ထဲ နိုင်ငံရေးအကျဉ်းသား အမျိုးသားတစ်ဦးကို ခြိမ်းခြောက်ထိုးကြိတ်ပြီး မုဒိန်းကျင့်မှုဖြစ်ပွားခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အင်းစိန်ထောင်ဆေးရုံက တီဘီရောဂါသမားတွေထားတဲ့အခန်းမှာ ဆေးကုသနေတဲ့ အသက် (၂၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား အမျိုးသားကို မုဒိန်းမှုနဲ့ ထောင် (၁၀)နှစ်ကျခံနေရတဲ့ အကျဉ်းသားအခန်းလူကြီး ဇင်မျိုး(ခ)မျိုးကြီးက အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်မှာ အဆောင်မှူး အောင်ကျော်ဆင့်က ပြစ်မှုကျူးလွန်တဲ့ ဇင်မျိုး(ခ)မျိုးကြီးကို ထိရောက်တဲ့ အပြစ်ပေးအရေးယူတာမရှိဘဲ သတင်းဖုံးကွယ်ခဲ့ပြီး သတင်းပေါက်ကြားပါက နှစ်ဦးစလုံးကို တိုက်ပိတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အဆောင်မှူး အောင်ကျော်ဆင့်ဟာ အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်ရဲ့ တပည့်အရင်းဖြစ်ပြီး သူတာ၀န်ယူတဲ့ အဆောင်မှာ ငွေကြေးယူပြီး ရာဇ၀တ်အကျဉ်းသားတွေကို အကျဉ်းသားအချင်းချင်း အုပ်ချုပ်တဲ့ ရာထူးအာဏာတွေပေးထားတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီအကျဉ်းသားတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို လူမဆန်စွာ ဆက်ဆံတာ၊ ရိုက်နှက်တာ၊ ခြိမ်းခြောက်ငွေညှစ်တာနဲ့ အခုဖြစ်စဉ်လို အလိုမတူဘဲ မုဒိန်းပြုကျင့်တဲ့ အမှုတွေကို ဖုံးကွယ်ပြီး ထောင်ထဲ စီးပွားရှာဖွေနေတာလို့ ပြောဆိုထားပါတယ်။
အခုလို အကျဉ်းထောင်ထဲ လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေတဲ့ အကျဉ်းဦးစီး၀န်ထမ်းတွေနဲ့ လက်ကိုင်တုတ်တွေကို ထိရောက်တဲ့ အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။