စက်တင်ဘာလ (၅)ရက်။
အကြမ်းဖက်စစ်အုပ်စု(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)ကို နိုင်ငံနဲ့ ပြည်သူလူထုရဲ့ ရန်သူ(Enemy of th State)အနေနဲ့ သတ်မှတ်တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံနဲ့ ပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်တာတို့ကို ကျူးလွန်ခဲ့ရုံသာမက ကျေးရွာနဲ့ စစ်ရှောင်စခန်းနေ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို နေ့တိုင်း ပြုလုပ်နေတာလို့ ဆိုပါတယ်။
အဲ့ဒီ ဆိုးရွားပြင်းထန်စွာကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေဟာ နိုင်ငံတကာစစ်ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပြီး နိုင်ငံတကာတရားရုံးတွေနဲ့ စစ်ခုံရုံးတွေမှည အရေးယူပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်တွေကို ချမှတ်ရမယ့် စစ်ရာဇဝတ်မှုကြီးတွေလို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး အစရှိတဲ့ အကျိုးစီးပွားနဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ လုပ်ရပ်တွေ ကျူးလွန်နေကာ နိုင်ငံကို အလုံးစုံပျက်သုဉ်းရေး ဦးတည်လုပ်ဆောင်နေတာလို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုကို ဒီကနေ့ကစပြီး တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ရန်သူ(Enemy of the State)အနေနဲ့ သတ်မှတ်လိုက်တာလို့ သိရပြီး ပြည်သူတရပ်လုံးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တွန်းလှန် တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအ၀င် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုလိုလားကြတဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေကလဲ အကြမ်းဖက်စစ်အုပ်စုကို ထိရောက်ပြင်းထန်စွာ အရေးယူဖို့ NUG က တောင်းဆိုထားတယ်လို့ သိရပါတယ်။