စက်တင်ဘာလ (၇)ရက်။
မဲစာရင်းတွေ မှန်ကန်အောင် နည်းပညာနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရွေး/ကော်ဥက္ကဋ္ဌ ဦးကိုကိုက မနေ့ကပြုလုပ်တဲ့ ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်(CVLMS) အဆင့်မြှင့်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ CVLMS စနစ်ကို နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ၀န်ထမ်းတွေ ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ သင်တန်းဖွင့်လှစ် သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
CVLMS စနစ်ဟာ မဲစာရင်းတွေ ပြုစုတဲ့အခါ မဲဆန္ဒနယ်တွေအလိုက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံတွေအတွက် မဲစာရင်းတွေနဲ့ ရွေးကောက်ပွဲအချက်အလက်တွေကို အလွယ်တကူသတ်မှတ်ပြီး အချိန်နဲ့တပြေးညီ အကြောင်းကြားနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နယ်မြေတွေကို ပြောင်းလဲပြင်ဆင် ထပ်တိုးပယ်ဖျက်တာတွေရှိပါက အချက်အလက်တွေ ထိခိုက်တာမရှိဘဲ ပြင်ဆင်နိုင်သလို မဲစာရင်းတွေ မှန်ကန်ပြည့်စုံအောင် နည်းပညာနဲ့ ဆောင်ရွက်နိုင်ကာ မဲရုံတွေ အလွယ်တကူ သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီစနစ်ဟာ မဲစာရင်းထဲ အသက် (၁၈)နှစ်မပြည့်သေးသူတွေ၊ သေဆုံးသူတွေ မပါ၀င်စေဖို့နဲ့ မဲစာရင်းတွေ မထပ်စေဖို့ စိစစ်နိုင်တာအပြင် FPTP နဲ့ PR ရွေးကောက်ပွဲစနစ် နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်တယ်လို့ ပြောဆိုထားပါသေးတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဆိုပြီး ပြင်ဆင်နေသလို တဖက်မှာလဲ မဲစာရင်းအတွက် သန်းခေါင်စာရင်းကောက်ယူဖို့ကို အသည်းအသန် ကြိုးပမ်းနေကာ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။