စက်တင်ဘာလ (၁၂)ရက်။
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံတာကြောင့် ပြည်သူ (၁၀)ဦးအထိ သေဆုံးခဲ့တယ်လို့ ရမည်းသင်းမြို့နယ်မီးသတ်တပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာကြောင့် သေဆုံးခဲ့သူတွေဟာ ဆည်ကြီးရွာက အမျိုးသားတစ်ဦး၊ ညောင်အိုင်ရွာက အမျိုးသမီးတစ်ဦး၊ ကံသာအေးရွာက အမျိုးသား (၂)ဦးနဲ့ အမျိူသမီး (၄)ဦး၊ ရွှေနန်းပေါ်ရွာက အမျိုးသမီးတစ်ဦးနဲ့ ချောင်းဖျားရွာက အမျိုးသမီးတစ်ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ရမည်းသင်းမြို့နယ်ထဲ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရပ်ကွက်နဲ့ ကျေးရွာတွေက အိမ်ထောင်စု (၁၅၁၁၃)စု၊ အမျိုးသား (၂၃၉၉၅)နဲ့ အမျိုးသမီး (၂၉၉၇၇)ဦး စုစုပေါင်း လူဦးရေ (၅၃၉၇၂)ဦး ရေဘေးသင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရမည်းသင်းမြို့နယ်ထဲ ရေကြီးရေလျှံတာတွေကြောင့် ပြည်သူတွေ ရေဘေးဒဏ်ခံစားနေရတဲ့ အခြေအနေကို စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာမရှိဘဲ နေပြည်တော်နဲ့ မန္တလေးတို့မှာလဲ အရေးပေါ်အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာလဲ (၂)ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ဆင်သေချောင်း၊ ပေါင်းလောင်းချောင်းနဲ့ ငလိုက်ချောင်းတို့က ရေတွေ၀င်ရောက်ကာ ဘောဂသီရိကား၀င်းနဲ့ စစ်တိုင်းရုံးအနီး (၁၆)လမ်းသွားကားလမ်းပေါ် ရေကြီးနေပါတယ်။
ပဲခူးမြို့မှာလဲ ရေကြီးရေလျှံကာ ရထားသံလမ်းပေါ် ရေကျော်နေတာကြောင့် ရထားတွေ ဖြတ်သန်းသွားလာလို့မရတဲ့အတွက် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေ ဖျက်သိမ်းထားရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။