စက်တင်ဘာလ (၁၃)ရက်။
ကရင်နီပြည်ထဲ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေဘေးအန္တရာယ်တွေ ကြုံတွေ့နေရတဲ့အပေါ် Karenni-IEC က မနေ့ကရက်စွဲနဲ့ အရေးပေါ်အသိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
အခုအခါ ကရင်နီပြည်ထဲ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်၊ ပွန်ချောင်းနဲ့ ထူးချောင်းအပါအ၀င် မြစ်ချောင်းတွေမှာ ပုံမှန်ရေကြီးရေလျှံတာတွေအပြင် ရေကြီးတာ၊ တောင်ပြိုတာနဲ့ မြေပြိုတာတွေကို ကြုံနေရတယ်လို့ ဆိုပါတယ်။
ဒီလိုရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးတာတွေ သက်သာစေဖို့အတွက် ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားကာ ပူးပေါင်းပါ၀င်ပေးကြဖို့ ဖော်ပြထားပါတယ်။
ရေကြီးတာဖြစ်ပေါ်နေချိန် ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာက ထုတ်ပြန်တဲ့ အရေးပေါ်သတိပေးချက်တွေကို အဆက်မပြတ်နားထောင်ပြီး အကြံပြုချက်တွေကို လိုက်နာဖို့နဲ့ ရေကြီးတဲ့ဒေသတွေမှာ မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတတ်တာကြောင့် မသွားကြဖို့ နှိုးဆော်ထားပါတယ်။
ဒါ့အပြင် ရေကြီးခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်နိုင်တဲ့ ဘေးအန္တရာယ်တွေနဲ့ ကူးစက်ရောဂါတွေကို ဂရုပြုဖို့နဲ့ ကယ်ဆယ်ရေးနဲ့ အရေးပေါ်ပြန်လည်ထူထောင်ရေးတွေမှာ ပူးပေါင်းဖို့အပြင် ကောလာဟလသတင်းတွေကို မယုံကြဖို့ အသိပေးထားပါတယ်။
ရေကြီးတာကြောင့် မိသားစု၀င်တွေ ပျောက်ဆုံး၊ ကွဲကွာပါက သက်ဆိုင်ရာကို အကြောင်းကြားဖို့နဲ့ ရေဘေးအန္တရာယ်နဲ့ပတ်သက်ပြီး Karenni-IEC ရဲ့ ပြည်ထဲရေးဌာနကို ဆက်သွယ်ကာ အကူအညီတောင်းခံနိုင်တယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။