စက်တင်ဘာလ (၁၄)ရက်။
အခုနှစ်ရက်တာထဲ ရမည်းသင်းမြို့မှာ ရေကြီးတာကြောင့် သေဆုံးသူဦးရေဟာ (၂၂၈)ဦးအထိရှိလာပြီဖြစ်တယ်လို့ စစ်ကောင်စီသတင်းချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စက်တင်ဘာလ (၁၁)ရက်နေ့နဲ့ (၁၂)ရက်နေ့တို့မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရမည်းသင်းမြို့နယ်ထဲ ရေကြီးရေလျှံတာတို့ကြောင့် သေဆုံးသူ (၂၂၈)ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ ဆိုပါတာ်။
သေဆုံးသူတွေဟာ မြင်းနားရွာ၊ ကျီးနီကန်ရွာ၊ တူးကုန်းရွာ၊ သပြေပင်ရွာနဲ့ ချောင်းဖျားရွာတို့ကဖြစ်ပြီး ချောင်းဖျားရွာမှာ သေဆုံးသူ (၁၀၀)ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရမည်းသင်းမြို့နယ်ထဲ ရေကြီးရေလျှံတာကြောင့် ရွာလုံးကျွတ် ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေဟာ ဝါးဖြူတောင်အထက်ရွာ၊ အောက်ရွာနဲ့ ရွှေတောမိုင်းတို့ဖြစ်ပြီး သေဆုံးတဲ့အရေအတွက်ကိုတော့ မသိရှိရသေးပါ။
ရာဂီမုန်တိုင်းအရှိန်ကြောင့် မန္တလေးတိုင်းထဲက ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်နဲ့ ညောင်ဦး စတဲ့ မြို့နယ်တွေက ကျေးရွာတွေမှာ ရေနစ်မြုပ်နေပြီး ရမည်းသင်းမြို့ရှိ ကျေးရွာ (၄၀)ကျော်က လူဦးရေ (၅၀၀၀၀)ကျော် ရေဘေးသင့်ဒဏ် ခံစားနေကြရပါတယ်။
ဒါ့အပြင် ရမည်းသင်းမြို့ရှိ မိုးထိမိုးမိရွှေလုပ်ကွက်တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျတာတွေကြောင့် အလုပ်သမားအများ ပျောက်ဆုံးနေသလို သေဆုံးသူ ရာနဲ့ချီရှိနိုင်တယ်လို့ ဒေသတွင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။