စက်တင်ဘာလ (၂၁)ရက်။
ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က နောင်ချိုမြို့နယ်ထဲရှိ နေရာ (၃)နေရာကို စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ညဈေးတန်းအပါအ၀င် မြို့မဈေးနဲ့ ဈေးရပ်ကွက် နယ်မြေ(၄)တို့ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ အရပ်သားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားနေအိမ်နဲ့ ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့ကာ ဒဏ်ရာရရှိခဲ့သူကို ဆေးရုံသို့ ပို့ဆောင်ကုသပေးနေတယ်လို့ ဖော်ပြထားပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လူအများအပြားသေစေနိုင်တဲ့ ပေါင် (၅၀၀)ဗုံးအပါအ၀င် နေ့တိုင်း ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ကလေးငယ် (၂)ဦးအပါအ၀င် အရပ်သား (၁၅)ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဒေသခံနေအိမ် (၂၅)လုံးနဲ့ ဘုန်းကြီးကျောင်း (၂)ကျောင်းအပြင် စာသင်ကျောင်း (၁)ကျောင်းလဲ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ဦးတည်ပြီး လေကြောင်းနဲ့ လိုက်လံဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ သိရပါတယ်။