စက်တင်ဘာလ (၂၂)ရက်။
ဒီကနေ့ နံနက် (၁)နာရီကျော်အချိန်က နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း လက်နက်အမျိုးအစားဖြစ်တဲ့ ပေါင် (၅၀၀)ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပေါင် (၅၀၀)ဗုံး (၄)လုံးဟာ နောင်ချိုမြို့ တဖန်ကုန်းရပ်ကွက်ထဲ (၃)လုံး ကျရောက်ခဲ့ပြီး တောထဲကို တစ်လုံး ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
တဖန်းကုန်းရပ်ကွက်ထဲ စစ်ကောင်စီ ကြဲချတိုက်ခိုက်ခဲ့တဲ့ ပေါင် (၅၀၀)ဗုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ (၃)ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် (၃)လုံးအပါအ၀င် ကား (၂)စီးနဲ့ ဆိုင်ကယ် (၁)စီး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မနေ့က နံနက် (၇)နာရီခွဲအချိန်ကလဲ စစ်ကောင်စီတပ်က Y12 လေယာဉ်နဲ့ နောင်ချိုမြို့ထဲ လာရောက်ဗုံးကြဲခဲ့တာကြောင့်လဲ ညဈေးတန်း၊ မြို့မဈေးနဲ့ ဈေးရပ်ကွက်နယ်မြေ (၄)ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်နဲ့ ဆိုင်ခန်းအချို့ ပျက်စီးခဲ့ကာ စစ်ကောင်စီဟာ နေ့တိုင်း နောင်ချိုမြို့ကို ပေါင် (၅၀၀)ဗုံးအပါအ၀င် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာလို့ ပြောဆိုထားပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ကလေးငယ် (၂)ဦးအပါအ၀င် ပြည်သူ (၁၅)ဦးသေဆုံးခဲ့ပြီး (၁၃)ဦးဒဏ်ရာရခဲ့ကာ နေအိမ် (၂၇)လုံးအပါအ၀င် ဘုန်းကြီးကျောင်း (၂)ကျောင်းနဲ့ စာသင်ကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။