စက်တင်ဘာလ (၂၃)ရက်။
မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်တာကြောင့် လူဦးရေ (၁၄၀၀၀၀)ကျော် ရေဘေးသင့်ကာ (၃၈၄)ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နိုင်ငံတ၀န်းရှိ နေပြည်တော်အပါအ၀င် တိုင်းနဲ့ ပြည်နယ် (၉)ခုက မြို့နယ် (၅၄)မြို့နယ် ရေကြီးရေလျှံခဲ့ပြီး အဆောက်အဦ စုစုပေါင်း (၅၅၀၀)ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
နောက်ပြီး အဆောက်အဦပေါင်း (၁၃၀၀၀၀)ကျော်အပါအ၀င် စာသင်ကျောင်း (၅၄၆)ကျောင်း ရေ၀င်နစ်မြုပ်ခဲ့တယ်လို့ သိရပြီး ဘာသာရေးအဆောက်အအုံ (၄၃၅)ခု ပျက်စီးခဲ့ကာ လူ (၉၀)ခန့် ပျောက်ဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေကြီးနစ်မြုပ်တာတွေကြောင့် လျှပ်စစ်မီးတိုင် (၂၄၀၀)ကျော်၊ ဆက်သွယ်ရေးတာဝါတိုင် (၁၀၀)ခန့်၊ တိရစ္ဆာန်သေဆုံးတာ (၁၅၀၀၀၀)ခန့်နဲ့ စပါးစိုက်ဧက (၇၃၀၀၀၀)ကျော် ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုအခါ နေပြည်တော်အပါအ၀င် တိုင်းနဲ့ ပြည်နယ်တွေက ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်နေပြီး ရေဘေးအလှူငွေအနေနဲ့ ကျပ် (၃၂)ဘီလီလျံကျော် ရရှိထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီထုတ်ပြန်တဲ့ ရေကြီးရေလျှံတာကြောင့် ထိခိုက်သေဆုံးတာတွေနဲ့ ပျက်စီးဆုံးရှုံးစာရင်းတွေဟာ မြေပြင်နဲ့ ကွာဟနေသလို ရေဘေးသင့်ပြည်သူ (၉)သိန်းနီးပါးရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။