စက်တင်ဘာလ (၂၃)ရက်။
မနေ့က နံနက် (၈)နာရီခွဲခန့်မှာ ရေစကြိုမြို့ရှိ မအူအောက်ဆိပ်တိုက်နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
“ မအူအောက်ဆိပ်တိုက်နယ်ဆေးရုံနဲ့ ရွှေကျင်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲသွားတာ၊ (၂)ဦးသေပြီး (၄)ဦး ဒဏ်ရာရရှိခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ရေစကြိုမြို့ရှိ မအူအောက်ဆိပ်တိုက်နယ်ဆေးရုံနဲ့ ရွှေကျင်ဘုန်းတော်ကြီးကျောင်းတို့ကို လေကြောင်းကနောဗုံးကြဲခဲ့ကာ အသက် (၁၇)နှစ်အရွယ် မခြူးသိမ့်သိမ့်နဲ့ (၂၃)နှစ်အရွယ် မစုမြတ်ဝေတို့ နေရာမှာပဲသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ စကစ လေယာဉ်နဲ့ဗုံးကြဲလို့ သေဆုံးသွားတဲ့ (၂)ယောက်က တ၀မ်းကွဲညီအမတွေ၊ ဗုံးထိမှန်ပြီး သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အပိုင်းပိုင်းပြတ်ပြီး နေရာမှာပဲ သေဆုံးသွားတာ။ ဒဏ်ရာရတဲ့သူ (၄)ဦးထဲမှာ သူတို့အမေနဲ့ အဒေါ်လဲပါတယ်” လို့ သူက ဆက်ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒဏ်ရာရတဲ့သူတွေထဲ သေဆုံးသွားသူ အမျိုးသမီး (၂)ဦးရဲ့ မိခင်ဖြစ်သူနဲ့ အဒေါ်တို့လဲပါ၀င်ကာ အဲ့ဒီတိုက်နယ်ဆေးရုံဟာ အာဏာသိမ်းချိန်ကစပြီး ၀န်ထမ်းတွေ CDM ပြုလုပ်တာကြောင့် ပိတ်ထားရပါတယ်။
ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဆေးရုံရဲ့ အမျိုးသားလူနာဆောင် ထိမှန်ပျက်စီးခဲ့ရပြီး ဘုန်းကြီးကျောင်းဆောင်အပြင် သိမ်ကျောင်းနဲ့ စလင်းကန်လည်ဆရာတော် ဓါတ်တော်စေတီတို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။