စက်တင်ဘာလ (၂၆)ရက်။
လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးသွားတဲ့နေရာတွေကို ပြုပြင်ရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စက်တင်ဘာလ (၂၄)ရက်နေ့ နံနက်အစောပိုင်းအချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး (၁၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သားနေအိမ်တွေအပါအ၀င် ဟိုတယ်တွေနဲ့ စတိုးဆိုင်တွေ အများအပြား ပျက်စီးခဲ့ပြီး လမ်းမပေါ်မှာ အပျက်အစီးတွေ ပြန့်ကျဲနေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လေကြောင်းဗုံးကြဲခံရတာကြောင့် ဈေးကွက်စီးပွားရေးလုပ်ငန်းတွေ ပြတ်တောက်သွားခဲ့သလို ပြည်သူတွေ ထိတ်လန့်ခဲ့ကြရပြီး အပျက်အစီးတွေကို ရှင်းလင်းဖို့နဲ့ ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ရေးသားထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲ (၄)ဦးဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆေးရုံမှာ ဆေးကုသနေရပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်ကြည့်ရှုခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အခက်အခဲတစ်စုံတစ်ရာရှိပါက အချိန်မရွေး သတင်းပို့ဖို့နဲ့ အထူးဒေသအုပ်ချုပ်မှုကော်မတီနဲ့ လားရှိုးစစ်ရေးအုပ်ချုပ်မှုကော်မတီတို့က အစွမ်းကုန် ကြိုးစားဖြေရှင်းပေးသွားမယ်လို့ အသိပေးထားပါတယ်။
MNDAA အနေနဲ့ အပစ်ရပ်ဖို့နဲ့ တရုတ်ရဲ့ ကြားဝင်စေ့စပ်ဖြေရှင်းတာမှာ ပူးပေါင်းပါဝင်မယ်လို့ ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်ကတော့ လေကြောင်းကနေ နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေတာလို့ သိရပါတယ်။