စက်တင်ဘာလ (၂၇)ရက်။
ဒီကနေ့ နံနက်အစောပိုင်းအချိန်က လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နံနက် (၃)နာရီခွဲနဲ့ (၄၅)မိနစ်တို့မှာ လားရှိုးမြို့မဈေးကြီးအပါအ၀င် နေရာ (၃)ခုကို စစ်ကောင်စီက ပေါင် (၅၀၀)၊ ပေါင် (၂၀၀)ဗုံးတွေနဲ့ အနည်းဆုံး (၁၅)လုံး ဗုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ လူနေရပ်ကွက်ထဲ ကြဲချတာကြောင့် ထိခိုက်သေဆုံးတာတွေနဲ့ ပျက်စီးတာတွေ ရှိခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ လားရှိုးမြို့ရှိ မြို့မဈေးကြီးအပါအ၀င် အမှတ်(၁)ရပ်ကွက် နယ်မြေ (၈)နဲ့ (၂)ရပ်ကွက်ရှိ Green Park ဟိုတယ်အနီးကို ဖျက်အားပြင်း ပေါင် (၅၀၀)နဲ့ ပေါင် (၂၀၀)အပါအ၀င် ဗုံး (၁၅)လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်တွေထဲ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၂)ဦးသေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဈေးဆိုင်ခန်းအများအပြားအပြင် နေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုလို စစ်ကောင်စီရဲ့ လူမဆန်စွာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိတ်လန့်တုန်လှုပ်ကြရသလို ပျက်စီးဆုံးရှုံးတာတွေကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ MNDAA က ပြောဆိုထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်တာတွေ မြင့်တက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။