စက်တင်ဘာလ (၂၈)ရက်။
ဩဂုတ်လကုန်ပိုင်းကစပြီး စက်တင်ဘာလ (၂၇)ရက်နေ့အထိ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၇)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ပွဲတွေငြိမ်သက်ခဲ့ပြီးနောက် လားရှိုးမြို့ကို ဒေသခံပြည်သူတွေ နေရပ်ပြန်လည်၀င်ရောက်လာပြီး အသက်မွေး၀မ်းကြောင်းလုပ်ငန်းတွေ ပြန်လည်စတင်တဲ့အချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လားရှိုးမြို့ကို တစ်လတာထဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၃)ဦးသေဆုံးခဲ့ပြီး (၃၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ဂရုမစိုက်ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေဟာ ပြည်သူတွေရဲ့ ကဲ့ရဲ့ရှုတ်ချတာကို ခံရမယ့်အပြင် သမိုင်းမှာ အမြဲတမ်း အရှက်ရစေမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။
မနေ့ကလဲ စစ်ကောင်စီဟာ လားရှိုးမြို့ရှိ မြို့မဈေးကြီးအပါအ၀င် နေရာ (၃)နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ အရပ်သား (၂)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရခဲ့သလို မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး တွေ့ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ဖျက်အားပြင်း ဗုံးအမျိုးအစား ပေါင် (၅၀၀)နဲ့ ပေါင် (၂၀၀)အပါအ၀င် ဗုံး (၁၅)လုံးထက်မနည်း ကြဲချခဲ့တာကြောင့် ဈေးဆိုင်ခန်းတွေ လူနေအိမ်တွေနဲ့ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။