အောက်တိုဘာလ (၃)ရက်။
မနေ့က နေ့လယ် (၂)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ ရေဦးမြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ရေဦး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရေဦးမြို့မရဲစခန်းထဲကို Fixed Wing Drone နဲ့ ဗုံးသီး (၆)လုံးကျဲချခဲ့တာပါ။ ရဲစခန်းထဲက သတင်းပေး သန်းနိုင်နေတဲ့ လိုင်းခန်းပေါ်ကို ပေါက်ကွဲခဲ့ပါတယ်” လို့ ရေဦး-PDF က ဆိုပါတယ်။
ရေဦးမြို့မရဲစခန်းထဲကို ဒရုန်းနဲ့ ဗုံးသီး (၆)လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ရဲသတင်းပေး သန်းနိုင်နေတဲ့ လိုင်းခန်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က (၄)ဦးသေဆုံးကာ (၆)ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် လိုင်းခန်းမီးလောင်ပျက်စီးခဲ့ကာ အဲ့ဒီတိုက်ခိုက်တာမှာ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း၊ ရေဦး-PDF တို့က တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။