အောက်တိုဘာလ (၁၄)ရက်။
ဒီကနေ့ နံနက် (၁၂)နာရီကျော်အချိန်က လားရှိုးမြို့အနီးရှိ အီနိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အီနိုင်းရွာကို အာဏာသိမ်းစစ်တပ်က နံနက် (၁၂)နာရီ (၁၀)မိနစ်ကနေ (၁၄)မိနစ်အထိ ပေါင်ချိန်များတဲ့ ဗုံး (၃)လုံးနဲ့ ဗုံးအသေးစား (၄)လုံး ဆက်တိုက်ကြဲချခဲ့တာပါ” လို့ ဆိုပါတယ်။
အီနိုင်းရွာကို စစ်ကောင်စီတပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး (၂)လုံးအပါအဝင် စုစုပေါင်း ဗုံး (၇)လုံး ကြဲချခဲ့ကာ ဒေသခံအရပ်သား (၃)ဦး ပွဲချင်းပြီးသေဆုံးပြီး (၃)ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ နေအိမ် (၂၀)ကျော်အပါအဝင် ဆေးခန်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့လဲ ရေးသားထားပါတယ်။
အခုလို စစ်ကောင်စီရဲ့ အကြမ်းဖက်ဆန်တဲ့လုပ်ရပ်က အပြစ်မဲ့ပြည်သူတွေကိုသာ ထိခိုက်ဆုံးရှုံးစေခဲ့ပြီး ဒီကနေ့အချိန်အထိ လားရှိုးမြို့နဲ့ အနီးတဝိုက်ကို စစ်ကောင်စီက (၁၆)ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ စစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဈေးနဲ့ ဘာသာရေးအဆောက်အအုံတွေသာဖြစ်ပြီး ထိခိုက်သေဆုံးပျက်စီးတာတွေ များစွာရှိတာကြောင့် ပြည်သူတွေကို ထိတ်လန့်ကြောက်ရွံ့စေတယ်လို့ သိရပါတယ်။