အောက်တိုဘာလ (၁၇)ရက်။
မြန်မာစစ်တပ်ကို လက်နက်တင်ပို့တာနဲ့ တိုက်လေယာဉ်ဆီ တင်ပို့တာ မပြုလုပ်ဘဲ အရေးယူဆောင်ရွက်ပေးဖို့မေတ္တာရပ်ခံခဲ့ပေမယ့် ကုလအဖွဲ့ဝင်နိုင်ငံအချို့က လုံးဝ တုန့်ပြန်တာမရှိဘူးလို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကုလညီလာခံမှာ ပြောဆိုထားချက်အရ သိရပါတယ်။
မြန်မာပြည်သူတွေရဲ့ အသက်အပေါ် အမှန်တကယ် စိုးရိမ် အလေးထားတယ်ဆိုပါက စစ်ကောင်စီထံကို တိုက်လေယာဉ်လောင်စာဆီ၊ လက်နက်နဲ့ ဆက်စပ်ပစ္စည်း တွေ လွဲပြောင်းပေးတာတွေ ရပ်တန့်တာဟာ အကောင်းဆုံးကူညီတာလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်တာတွေကို အခုနှစ်ကုန်ပိုင်းမှာ (၅)ဆကျော် တိုးမြင့်လာခဲ့ပြီး အရပ်သားတွေကို အကြောက်တရားရစေဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုမိုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီအာဏာပိုင်တွေက “ ငါတို့အုပ်ချုပ်မှု ပြန်မရမချင်း အဲ့ဒီဒေသမှာ လုံးဝ ငြိမ်းချမ်းမှု မရှိစေရ” ဆိုပြီး အရှက်တရားကင်းမဲ့စွာနဲ့ ပြောင်ပြောင် တင်းတင်း ပြောဆိုထားတယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာကို အမြန်ဆုံး အဆုံးသတ်ဖို့အတွက် ကူညီပေးကြဖို့နဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ ထောက်ခံကူညီတာမပြုဘဲ ကန့်ကွက်ဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့လဲ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ပြင်းထန်စွာ ကန့်ကွက်သွားမှာဖြစ်ပြီး အဲ့ဒီအတုအယောက်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားချက်အရ သိရပါတယ်။