အောက်တိုဘာလ (၂၀)ရက်။
မနေ့က ည (၉)နာရီ (၂၃)မိနစ်အချိန်က ကနီမြို့နယ်ရှိ ချောင်းမရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးက ချောင်းမကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကနီမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာသူ (၂)ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူ (၂)ဦးဟာ ကိုအဲလင်း (၃၉)နှစ်နဲ့ မငယ်ငယ် (၂၈)နှစ်တို့ဖြစ်ကာ ကိုအဲလင်းဟာ လက်ထိခိုက်ဒဏ်ရာရခဲ့ပြီး မငယ်ငယ်ကတော့ ဦးခေါင်းထိရှဒဏ်ရာအပြင် ခါးနဲ့ လက်ကျိုးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကနီမြို့နယ် ယာကြီးတာဝါတိုင်ကုန်းမှာလဲ ထိတွေ့တိုက်ပွဲများဖြစ်ပေါ်နေပြီး အနီးအနားရှိကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
“ စစ်ကောင်စီနဲ့ PDF တွေ ထိတွေ့တာတွေဖြစ်တော့ ဒီကောင်တွေ(စကစ)က လေကြောင်းနဲ့ရမ်းတော့တာ။ လေကြောင်းကို သတိကြီးကြီးထားနေရတယ်” လို့ စစ်ဘေးရှောင်သူတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ ယခုတလော စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုပြုလုပ်လာပြီး ပြည်သူများအနေနဲ့ ဘေးလွတ်ရာကို ပုန်းခိုနေကြရတယ်လို့ သိရပါတယ်။