အောက်တိုဘာလ (၂၁)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီခွဲကျော်အချိန်က ကောလင်းမြို့နယ်အနောက်ဘက်ခြမ်းရှိ ဥက္ကံကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။
“ နံနက် (၁၀)နာရီ (၂၆)မိနစ်နဲ့ (၁၁)နာရီလောက်မှာ ဥက္ကကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ ပေါင် (၅၀၀)ဗုံးတွေ missile ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာပါ” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဥက္ကံကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်ဖိုက်တာ (၃)စီးနဲ့ ပေါင် (၅၀၀)ဗုံးတွေ၊ Missile ဒုံးကျည်တွေနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
“ ဥက္ကံရွာအလယ်ကို ကြဲချခဲ့တာ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် နေအိမ်မီးလောင်ပျက်စီးတာတွေနဲ့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် (၃၀)နှစ်အရွယ် အမျိုးသမီး (၂)ဦး သေဆုံးခဲ့ရပြီး အပြစ်မဲ့အရပ်သားပြည်သူ (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။