အောက်တိုဘာလ (၂၂)ရက်။
အောက်တိုဘာလ (၁၂)ရက်နေ့ကစပြီး (၁၉)ရက်နေ့အထိ လောင်းလုံးမြို့ရှိ အောက်ရေဖြူကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှုသပိတ်ကော်မတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် အောက်တိုဘာလ (၁၆)ရက်နေ့ နေ့လယ်ပိုင်းက နေအိမ်ကနေ ဘေးလွတ်ရာရှောင်ဖို့ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ကဒက်ငယ်ထိန်ရွာခံ အသက် (၃၀)ခန့်ရှိ ကိုမင်းအောင်(ခ)ကိုကန်းကန်းကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့ ညနေပိုင်းမှာ ကျန်းမာရေးမကောင်းတာကြောင့် အိပ်ယာထဲလဲနေတဲ့ အသက် (၇၃)နှစ်အရွယ် ဒေါ်ခင်မြင့်(ခ)ဒေါ်မငယ်ဟာ စစ်ကောင်စီတပ် ပစ်ခတ်တာတွေကြောင့် နေအိမ်မှာပဲ ကျည်ဆန်ထိမှန် သေဆုံးခဲ့ပြီး ပစ်ခတ်သံတွေကြောင့် ထိတ်လန့်ကာ အသက် (၅၀)နှစ်အရွယ် ဒေါ်သက်သက်ဟာ နှလုံးဖောက်သေဆုံးခဲ့တယ်လို့လဲ ဖော်ပြထားပါတယ်။
နောက်ပြီး အောက်ရေဖြူရွာရှိ နေအိမ်အနီး ဖမ်းဆီးခံခဲ့ရတဲ့ အသက် (၂၅)နှစ်အရွယ် ကိုမင်းကိုကိုကိုလဲ သတ်ဖြတ်ခဲ့ကာ မနေ့က ညင်းမော်ရွာမှာ အလောင်းကို တွေ့ရှိခဲ့ရသလို သူနဲ့အတူ အမည်မသိရတဲ့ အခြားလူငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
သူတို့ (၂)ဦးစလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လည်လှီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကာ စစ်ကောင်စီချန်နယ်တွေက အောက်ရေဖြူရွာအနီး နယ်မြေရှင်းလင်းချိန် လက်နက်ကိုင်တပ်ဖွဲ့ဝင် (၂)ဦးရဲ့ ရုပ်အလောင်းကို သိမ်းဆည်းရမိတယ်လို့ ရေးသားထားကြပါတယ်။
လောင်းလုံးမြို့ထဲ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တဲ့သူတွေဟာ သာမန်အရပ်သားပြည်သူတွေသာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အခုလိုလုပ်ရပ်ဟာ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။