အောက်တိုဘာလ (၂၃)ရက်။
ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က လားရှိုးမြို့အဝင်ရှိ ရိုးရာဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နံနက် (၈)နာရီ (၃၅)မိနစ်လောက်က မြို့အဝင် ဆိုင်းဘုတ်နားက ရိုးရာဆန်အရက်ချက်စက်ရုံကို စကစက ဗုံးကြဲခဲ့တာပါ။ အဆောက်အအုံ မီးလောင်ခဲ့ပြီး လူထိခိုက်တာမရှိဘူး” လို့ ဆိုပါတယ်။
လားရှိုးမြို့အဝင်ဆိုင်းဘုတ်အနီးရှိ ရိုးရာဆန်အရက်ချက်စက်ရုံ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စက်ရုံရှိ အဆောက်အအုံတွေ မီးလောင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာကို အထူးဒေသ(၁)ရဲ့ မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်နိုင်ခဲ့ကာ လူထိခိုက်တာ မရှိဘူးလို့ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ ဩဂုတ်လကစတင်ပြီး လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အကြိမ်ရေစုစုပေါင်း (၂၀)ကျော်လာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အထူးဒေသ(၁)က ဒေသတွေကို လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာ (၃)လကျော်ပြီဖြစ်ကာ အဲ့ဒီအထဲ အရပ်သား ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးသူ (၁၀၀)ကျော်ရှိပြီလို့ သိရပါတယ်။