အောက်တိုဘာလ (၂၃)ရက်။
ဖေဖော်ဝါရီလ (၂၆)ရက်နေ့က ဝက်လက်မြို့၊ သခွတ္တောကျေးရွာက အမျိုးသမီးတစ်ဦးကို သမီးရည်းစားချင်းစကားများချိန် PDF ဒုတပ်ခွဲမှူးက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သေနတ်နဲ့ ပစ်သတ်ခဲ့သူ ဒုတပ်ခွဲမှူးဟာ ရွှေဘိုခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၁)က ရဲဘော် ပြည့်ထွန်းနိုင်(ခ)လင်းစေဖြစ်ပြီး အကျဉ်းစစ်တရားရုံးချုပ်က စုံစမ်းစစ်ဆေးခဲ့ရာ ပေါ်ပေါက်ခဲ့တာကြောင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော် ပြည့်ထွန်းနိုင်ဟာ သမီးရည်းစားချင်း စကားများရာက အမျိုးသမီးဖြစ်သူကို သေနတ်နဲ့ တချက်ထဲ ပစ်သတ်ခဲ့တာပြီး အဲ့ဒီအမှုကို စစ်ဆေးကြားနာဖို့ PDF က အကျဉ်းစစ်တရားရုံးချုပ်ကို ဖွဲ့စည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကျဉ်းစစ်တရားရုံးချုပ်က တရားသူကြီးတွေအဖွဲ့က စစ်ဆေးကြားနာခဲ့ကာ (၆)လအကြာ အောက်တိုဘာလ (၁၁)ရက်မှာတော့ ရဲဘော် ပြည့်ထွန်းနိုင်(ခ)လင်းစေဟာ ပြစ်မှုကျူးလွန်တယ်လို့ ထင်ရှားတာကြောင့် အတည်ပြုအမိန့် ချမှတ်ခဲ့တာလို့ ရေးသားထားပါတယ်။
ရဲဘော် ပြည့်ထွန်းနိုင်ကို ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀)နှစ် ကျခံစေဖို့နဲ့ စစ်တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် (၈၁)အရ အမိန့်ချမှတ်ခဲ့တာလို့လဲ ပြောဆိုထားပါတယ်။
ဒါ့အပြင် MOD အနေနဲ့ ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်လာစေဖို့ ရည်ရွယ်တည်ဆောက်နေပြီး ကျူးလွန်တဲ့ ပြစ်မှုတွေကို မျှတတဲ့ တရားစီရင်မှုတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။