အောက်တိုဘာလ (၂၄)ရက်။
မနေ့က ည (၈)နာရီခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ (၂)ရပ်ကွက်နဲ့ (၂၁)ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က ည (၈)နာရီလောက်မှာ (၂)ရပ်ကွက်နဲ့ (၂၁)ရပ်ကွက်က အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးတွေကို အုပ်ကြီးနဲ့ အပေါင်းအပါတွေရှိချိန် လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးတွေကို အုပ်ချုပ်ရေးမှူးနဲ့ သူ့အပေါင်းအပါတွေရှိနေချိန် YA နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ ပူးပေါင်းကာ ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်နောက်ပါတွေ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ကာ ထိခိုက်တဲ့ အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။
ပြည်သူကို မျိုးစုံ ဖိနှိပ်အနိုင်ကျင့်နေတဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ သန်းခေါင်စာရင်းကောက်နေကြတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ နောက်လိုက်နောက်ပါတွေကို ထိထိရောက်ရောက် ထပ်မံတိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။
နောက်ထပ် ပစ်မှတ်ကြီးတွေကိုလဲ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေနဲ့ ဝေးဝေးနေကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။