အောက်တိုဘာလ (၂၄)ရက်။
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ထဲက ရေပြတ်လပ်တာတွေ ဖြစ်ပေါ်နေပြီး နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒိုက်ဦးထောင်ထဲ အခုလ ပထမအပတ်ကစပြီး ချိုးရေမလုံလောက်တာနဲ့ အသုံးပြုနေတဲ့ ရေကန် သန့်ရှင်းတာမရှိဘဲ ကြေးနီရောင်ရှိတဲ့ ရေတွေကိုသာ အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
ရေမသန့်ရှင်းတာတွေရဲ့ နောက်ဆက်တွဲပြဿနာအနေနဲ့ အရေးပြားရောဂါ ပိုမိုဖြစ်ပွားစေတာက လူဦးရေ (၅၀)ခန့်သာဆန့်တဲ့ အခန်းမှာ (၈၀)ဦးခန့်အထိ ပြည့်ကျပ်စွာ ထားရှိခံရတာကြောင့် နေ့တိုင်း ရောဂါပိုဆိုးလာတယ်လို့ ဖော်ပြထားပါတယ်။
အကျဉ်းထောင်ထဲ အရေပြားရောဂါ ဖြစ်ပွားနေပေမယ့် အကျဉ်းဦးစီးဌာနဘက်က လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုမပေးသလို မိသားစုဝင်တွေရဲ့ ဆေးဝါးပို့ဆောင်တာကိုလဲ ပိတ်ပင်ကန့်သတ်ထားတယ်လို့ ရေးသားထားပါတယ်။
လူတစ်ယောက် အသက်ရှင်နေထိုင်ဖို့အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ရေမရရှိတာက ဒိုက်ဦးအကျဉ်းထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသူတွေအတွက် လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခံနေရတာလို့ ပြောဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွေထဲ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေရှိသလို သောက်သုံးရေပြဿနာကြောင့် သေဆုံးသူရှိလာရင် အဓိကတာဝန်ယူရမှာက မတရားဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖြစ်ကာ အချက်အလက်တွေ စုဆောင်းထားတယ်လို့လဲ အသိပေးထားချက်အရ သိရပါတယ်။