အောက်တိုဘာလ (၂၄)ရက်။
မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ဘုတလင်နယ် စိုင်ပြင်လေးရွာထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Monywa Inventor ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က နေ့လယ် (၁၂)ခွဲလောက်မှာ စိုင်ပြင်လေးရွာထဲ ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ၄၀မမတွေ၊ ၆၀မမတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ထိခိုက်တာတွေများနိုင်ပါတယ်” လို့ ဆိုပါတယ်။
စိုင်ပြင်လေးရွာထဲ လူသတ်မီးရှို့ဖို့ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၄၀မမ (၁၀)လုံးနဲ့ ၆၀မမ (၁၀)လုံးတို့နဲ့ ပစ်ခတ်ခဲ့ကာ ထိခိုက်တာတွေရှိနိုင်ပြီး အသေးစိတ်ကိုတော့ မသိရသေးပါ။
စစ်ကောင်စီစစ်ကြောင်းကို Monywa Inventor အဖွဲ့အပါအဝင် ချင်းတွင်း ဒိုင်းနမိုက်အဖွဲ့နဲ့ BLDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဆားလင်းကြီးအခြေစိုက်ဖြစ်ပြီး ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့အပေါ် မကျေနပ်တာကြောင့် ဘုတလင်နယ်ထဲအထိ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်ခဲ့တဲ့အချိန် နှစ်ဖက် တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ပေမယ့် စစ်ကောင်စီစစ်ကြောင်းဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခဲ့သလို မုံရွာအခြေစိုက် နမခဘက်ကလဲ ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။