အောက်တိုဘာလ (၃၁)ရက်။
မြန်မာရုပ်ရှင်ဇာတ်ကားကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်ရေးသားခဲ့တဲ့ ကိုရှိုင်းထင်အောင်(ခ)ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ Her Sal Yon(Ko King)” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ကိုရှိုင်းထက်အောင်(ခ)ဗွီးထက်ကူးမားကို စစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းတာကို ပျက်ပြားစေဖို့ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ကိုရှိုင်းထက်အောင်(ခ)ဗွီးထက်ကူးမားကို စစ်ကောင်စီက အောက်တိုဘာလ (၂၉)ရက်နေ့ ညနေ (၆)နာရီ (၄၀)မိနစ်အချိန် လှိုင်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့်လှစ် အရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။
ကိုရှိုင်းထက်အောင်(ခ)ဗွီးထက်ကူးမားဟာ အောက်တိုဘာလ (၂၆)ရက်နေ့က မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းမှာ အသံအလှူနေနဲ့ စာအုပ်ဖတ်ဖို့အတွက် အိမ်ကထွက်သွားပြီးနောက် အဆက်အသွယ်ပြတ်သွားခဲ့တာပါ။
ဒီလို အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးသွားခဲ့တာကြောင့် မိသားစုဝင်တွေက ဖမ်းဆီးခံရတာကို မသိဘဲ သက်ဆိုင်ရာစစ်ကောင်စီရဲစခန်းတွေမှာ လူပျောက်တိုင်ကြားခဲ့တာပါ။
ကိုရှိုင်းထက်အောင်ဟာ အောက်တိုဘာလ (၂၄)ရက်နေ့က “ ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး” ရုပ်ရှင်ကို ဟိန္ဒူရိုးရာယဉ်ကျေးမှုအပေါ် လှောင်ပြောင်ရာရောက်တယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်ခဲ့ပြီးနောက် အခုလို ဖမ်းဆီးခံခဲ့ရတာပါ။
ဒါ့အပြင် ဖမ်းဆီးထားတဲ့ ကိုရှိုင်းထက်အောင်(ခ)ဗွီးထက်ကူးမားကို ဘယ်လိုပုဒ်မနဲ့ အမှုဖွင့်ထားတယ်ဆိုတာကို မသိရသေးဘဲ စစ်တပ်အာဏာသိမ်းပြီးနောက် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေ ဆုံးရှုံးနေတာဖြစ်တယ်လို့ သိရပါတယ်။