ဒီဇင်ဘာလ (၃)ရက်။
ဒီကနေ့ နံနက် (၉)နာရီ (၁၄)မိနစ်အချိန်က ရေးမြို့ အမှတ်(၈)လမ်းမကြီးပေါ်မှာ စစ်ကောင်စီကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
“ ဒီကနေ့ နံနက် (၉)နာရီ (၁၄)မိနစ်လောက် စုံနံ့သာရွာကို ဖြတ်သွားတဲ့ ခမရ(၃၄၃)တပ်သား မောင်းလာတဲ့ Vigo ကားကို အမှတ်(၈)လမ်းမကြီးပေါ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ ခေါင်းစိမ်း (၃)ဦး ဧရိယာပြင်ပရောက်ပြီး ထိခိုက်များပြားခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ခမရ(၃၄၃)တပ်သား မောင်းနှင်လာတဲ့ Vigo ကားဟာ စုံနံ့သာကျေးရွာကို ဖြတ်လာခဲ့ပြီး အမှတ် (၈)လမ်းမကြီးပေါ်မှာ တိုက်ခိုက်ခံရကာ စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး ရေးဘီလူးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ(၃၄၃)အပါအဝင် (၅၈၆)နဲ့ (၅၈၇)တပ်တို့ကလဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။