ဒီဇင်ဘာလ (၁၆)ရက်။
အမျိူသမီးငယ်တွေအပေါ် အကြမ်းဖက်တာတွေနဲ့ ပတ်သက်တဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆန့်ကျင်ရေး(Gender Based Violence)အမှုကိစ္စတွေကို အွန်လိုင်းကနေ တိုင်ကြားနိုင်တယ်လို့ NUG ရဲ့ မနေ့က အသိပေးထားချက်အရ သိရပါတယ်။
အမျိုးသမီးငယ်တွေအပေါ် အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားလာပါက NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန(MOWYCA)ရဲ့ Facebook messenger တွေကို ဆက်သွယ်လာတာတွေကို ပြန်လည်ဖြေရှင်းပေးနေတယ်လို့ ဆိုပါတယ်။
အခုလို ဖြေရှင်းပေးနေတာတွေရှိပေမယ့် အခက်အခဲတွေ ရှိနေတာကြောင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆန့်ကျင်ရေး(Gender Based Violence)နဲ့ပတ်သက်တဲ့ အမှုကိစ္စတွေကို ဝန်ကြီးဌာနနဲ့ email ဖြစ်တဲ့ [email protected] စတဲ့ အွန်လိုင်းတွေကနေ တိုင်ကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အထက်ပါအမှုကိစ္စတွေ တိုင်ကြားလာပါက ဝန်ကြီးဌာနအနေနဲ့ အတည်ပြုချက်ရယူတာ၊ မှတ်တမ်းရေးသွင်းတာအပါအဝင် လိုအပ်ရင် တိုင်ကြားသူတွေကို လုံခြုံစိတ်ချတဲ့နေရာ ရွှေ့ပြောင်းပေးတာတို့ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
နောက်ပြီး အမှုကိစ္စတွေကို တရားမျှတမှုတွေ ရရှိအောင် ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးတာအပြင် ဥပဒေနဲ့ငြိစွန်းတဲ့ အမှုတွေကို ရဲလုပ်ထုံးလုပ်နည်းနဲ့ တရားရေးအရ အမိန့်ချပြီးတဲ့အထိ ပြုလုပ်ပေးမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အွန်လိုင်းကနေ တိုင်ကြားလာတဲ့ အမှုတွေကို အထက်ပါအချက်တွေပါဝင်တဲ့ အဆင့် (၆)ဆင့်နဲ့ ဆောင်ရွက်သွားမယ်လို့ သိရကာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအပါအဝင် ဥပဒေပိုင်းအကြံပေးတာတွေ ပြုလုပ်သွားမယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။