ဒီဇင်ဘာလ (၁၆)ရက်။
ရန်ကုန်မြို့မှာ အတင်းအဓမ္မ လူသစ်စုဆောင်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ များနေတယ်လို့ ရန်ကုန်တိုင်းစစ်ဒေသရဲ့ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝက သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။
“ ရန်ကုန်မှာရှိကြတဲ့ လူငယ်လူရွယ်တွေ သတိရှိကြပါ၊ အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေ ပေါ်တာဆွဲတာများလာပါတယ်၊ ဖြစ်ပြီးမှ ဘာမှလုပ်လို့မရပါဘူး၊ ကြိုတင်ပြင်ဆင်ထားကြဖို့ အကြံပြုပါတယ်။ ပါသွားမှ ကူပါကယ်ပါထပ် ဘာမှလုပ်မရပါဘူး” လို့ ဆိုပါတယ်။
နိုင်ငံတဝန်း တိုက်ပွဲတွေထဲ အဘက်ဘက်ကနေ ရှုံးနိမ့်နေတဲ့ စစ်ရှုံးစစ်ကောင်စီဟာ လူသားအရင်းအမြစ် လိုအပ်ချက် ကြီးမားလာတာနဲ့အတူ အခုရက်ပိုင်း ညအချိန်တွေမှာ ရန်ကုန်မြို့ပြနေရာတွေအထိ ပေါ်တာဆွဲဖမ်းဆီးတာတွေ ရှိနေပါတယ်။
“ ငါတို့က တော်လှန်ရေးနဲ့မဆိုင်ဘူး ဘာညာ Night Out မယ် ဘာညာဆိုလဲ သဘောပါ ခြောက်လှန့်လိုခြင်းမရှိပါဘူး။ ငါတို့က ပိုက်ဆံရှိတယ်ဆိုလဲ သဘောပါ သိထားတာတွေ မျှဝေပေးတဲ့သဘောပဲဖြစ်ပါတယ်” လို့ ရဲဘော်ဒေဝက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ လူငယ်တွေကို အတင်းအဓမ္မ လူသစ်စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ကာ စစ်မှုထမ်းခိုင်းစေတာတွေရှိပြီး ရန်ကုန်တိုင်းစစ်ဒေသရဲ့ အခုရက်ပိုင်းမှာ ဖမ်းမိသူတွေထဲ တပ်သားသစ် (၈၀)ရာခိုင်နှုန်းပါဝင်တယ်လို့ သိရပါတယ်။
အခုဒီဇင်ဘာလ ဒုတိယအပတ်ကစပြီး ရန်ကုန်ရှိ မြို့နယ်အချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်ပါးစေတွေက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေကို ပိုမိုရဲတင်းစွာ ပြုလုပ်လာနေတယ်လို့ ရန်ကုန်မြို့နေသူတွေက ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ဖို့ ပြင်ဆင်နေကာ သတ်မှတ်လူဦးရေ ပြည့်မီစေဖို့အတွက် ရန်ကုန်မြို့ပြနေ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးလာတာလို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။