ဇန်နဝါရီလ (၆)ရက်။
မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေအနေနဲ့ လာရောက်လျှောက်ထားနိုင်တယ်လို့ စင်္ကာပူရှိ စစ်ကောင်စီသံရုံးက အခုရက်ပိုင်းထဲ ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေအနေနဲ့ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံနဲ့ လျှောက်ထားတင်ပြနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီသံရုံးက ထုတ်ပြန်ထားတဲ့အထဲ နိုင်ငံသားစွန့်လွှတ်လိုတဲ့ လျှောက်လွှာ၊ ကိုယ်ရေးအကျဉ်းချုပ်နဲ့ စင်္ကာပူအစိုးရထံက မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်တဲ့ အထောက်အထားတောင်းခံစာတွေ ပါဝင်ပါတယ်။
စစ်ကောင်စီတောင်းယူထားတဲ့ ကိုယ်ရေးအကျဉ်းချုပ်ထဲ မိဘနာမည်၊ မွေးသက္ကရာဇ်၊ ကိုင်ဆောင်ထားတဲ့လက်မှတ်၊ မြန်မာနိုင်ငံမှာ နောက်ဆုံးနေခဲ့တဲ့ လိပ်စာ၊ မိဘ၊ မောင်နှမတွေနဲ့ မြန်မာပြည်နေရပ်လိပ်စာနဲ့ မိဘရဲ့ မောင်နှမတွေရဲ့ နေရပ်လိပ်စာတို့လဲ ပါဝင်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း၊ အိမ်ထောင်စုစာရင်းမိတ္တူနဲ့ မွေးစာရင်းမိတ္တူတို့ကို တောင်းခံထားပါသေးတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ အဲ့ဒီစာရွက်စာတမ်းအပြည့်အစုံကို ပြန်လည်မအပ်နှံနိုင်ရင် လျှောက်ထားတာကို ထောက်ခံစာ ထုတ်ပေးမှာမဟုတ်ဘူးလို့ စစ်ကောင်စီသံရုံးက အသိပေးထားပါတယ်။
အခုလို နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေအနေနဲ့ လျှောက်ထားနိုင်တာကို စစ်ကောင်စီက အသိပေးထားသလို အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေသူတွေကို ပြန်လာကြဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။