ဇန်နဝါရီလ (၁၂)ရက်။
ဇန်နဝါရီလ (၁၀)ရက်နေ့က ဒိုက်ဦးအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်တာ မလုံလောက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကျဉ်းထောင်ထဲ ကျဆုံးခဲ့ရသူဟာ ပုဒ်မ ၅၁(ဂ)နဲ့ ၅၂(ခ)တို့နဲ့ ထောင်ဒဏ် (၁၁)နှစ် အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား မျိုးမင်းဦးဖြစ်ပြီး ဆီးကျောက်ရောဂါကြောင့် ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
ကိုမျိုးမင်းဦးကို စစ်ကောင်စီက ၂၀၂၂ခုနှစ် အောက်တိုဘာလထဲ ဖမ်းဆီးခဲ့ကာ အင်းစိန်အကျဉ်းထောင်မှာ ပုဒ်မ ၅၁(ဂ)နဲ့ ၅၂(ခ)တို့နဲ့ အမှုဖွင့်ပြီး အကျဉ်းချခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် အခုနှစ် မေလ (၃၁)ရက်နေ့မှာ အမိန့်ကျပြီးနောက် အင်းစိန်ထောင်ကနေ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့အကျဉ်းချခံခဲ့ရကာ ထောင်ထဲ အကျဉ်းကျနေချိန် ဆီးကျောက်ရောဂါ ပြင်းထန်စွာ ခံစားခဲ့ရတာလို့ ရေးသားထားပါတယ်။
နောက်ပြီး ထောင်ပိုင် ထွဋ်ပိုင်မှူးနဲ့ ထောင်ဆေးရုံဆရာဝန် သိုက်ထွေးတို့ဟာ ရောဂါခံစားနေရတဲ့ ကိုမျိုးမင်းဦးကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမပေးဘဲ ရောဂါပြင်းထန်ချိန်မှသာ ပဲခူးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် အကျဉ်းထောင်ထဲ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိဖို့ ထောင်နဲ့ ထောင်ဝန်ထမ်းတွေကို စောင့်ကြည့်ပြီး အကူအညီတွေ၊ အရေးယူတာတွေနဲ့ လူမှုရေးပြစ်ဒဏ်ပေးတာတွေ ထိရောက်စွာပြုလုပ်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။