ဇန်နဝါရီလ (၁၂)ရက်။
မနေ့ကစပြီး ရန်ကုန်မြို့ရှိ ကမ္ဘာအေးဘုရားလမ်း အင်းယားလိတ်ဟိုတယ်အနီးက Yangon Convention Center မှာ မီးစက်နဲ့ ဆိုလာ ကုန်စည်ပြပွဲကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
မီးစက်နဲ့ ဆိုလာကုန်စည်ပြပွဲကို Myanmar DPES Exhibition Co.,Ltd က ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီကုန်စည်ပြပွဲထဲ မီးစက်နဲ့ ဆိုလာ ကုမ္ပဏီပေါင်း (၈၀)ကျော်နဲ့ အမျိုးအမည် (၁၀၀)ကျော်ကို (၂)ရက်တိတိ ပြသရောင်းချတာဖြစ်ပါတယ်။
အခုအခါ ရန်ကုန်မြို့မှာ အုပ်စု (၃)စုခွဲကာ တရက်ကို လျှပ်စစ်မီး (၄)နာရီ (၂)ကြိမ်သာ ရရှိပြီး လျှပ်စစ်မီး ရရှိတဲ့အခြေအနေ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတာပါ။
ဒီလို လျှပ်စစ်ဓါတ်အား ခက်ခဲနေတာကို စစ်ကောင်စီက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ စီစဉ်နေကာ အဲ့ဒီစီမံကိန်း အောင်မြင်ရင် လျှပ်စစ်မီး အလုံအလောက်ရရှိမယ်လို့ ဆိုထားပါတယ်။
အခုလို လျှပ်စစ်မီး လိုအပ်ချက်တွေ ရှိနေတာက လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေကို ကန့်ကွက်တာနဲ့ ဖျက်ဆီးတာတွေကြောင့်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြစ်တင်ပြောဆိုထားပါတယ်။
စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်မှာလဲ အရပ်သားတွေအတွက် လျှပ်စစ်မီးကို (၁၆)နာရီပေးပြီး (၈)နာရီပိတ်သလို ဝန်ထမ်းအိမ်ရာတွေမှာ (၁၈)နာရီပေး (၄)နာရီ မီးပိတ်နေတာလို့ သိရပါတယ်။