ဇန်နဝါရီလ (၁၄)ရက်။
ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဝန်ကြီးဌာနရုံးတွေ ဖွင့်လှစ်အခြေစိုက်ဖို့ စီစဉ်နေတယ်လို့ NUG သမ္မတရုံးရဲ့ ပြောခွင့်ရ ဦးကျော်ဇောရဲ့ ထုတ်ပြန်ပြောဆိုထားချက်တွေအရ သိရပါတယ်။
အခုရက်ပိုင်းထဲ စစ်ကိုင်းတိုင်းမှာ ဝန်ကြီးဌာနရုံးတွေ အခြေစိုက်ပြီး ဖွင့်လှစ်သွားမယ့် အခြေအနေနဲ့ပတ်သက်လို့ သတင်းတွေ ပေါ်ထွက်လာတဲ့အပေါ် ဦးကျော်ဇောက သတင်းဌာနတွေကို အခုလို ပြောဆိုခဲ့တာပါ။
“ စစ်ကိုင်းတိုင်းတခုထဲတော့ မဟုတ်ပါဘူး၊ ဘယ်မှာ ရုံးထိုင်မယ်ဆိုတာကလဲ လုံခြုံရေးအရ ပြောလို့မရပါဘူး။ ထိန်းချုပ်နယ်မြေတွေမှာ ဖွင့်ဖို့ အကောင်အထည်ဖော်နေပါတယ်” လို့ သူက ဆိုပါတယ်။
NUG အနေနဲ့ တော်လှန်ရေးအရှိန်မြှင့်တင်ဖို့ ပြည်တွင်းမှာ ဝန်ကြီးဌာနတွေ အခြေစိုက်ပြီး အခုလထဲ ရုံးဖွင့်လှစ်ကာ မြေပြင်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။
နောက်ပြီး ထိန်းချုပ်နယ်မြေတွေ များလာတာနဲ့အတူ အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်ကာ မဟာမိတ်ဆက်ဆံရေးတွေကိုလဲ ပိုထိရောက်စေဖို့ ဝန်ကြီးဌာနတွေကို ပြည်တွင်းမှာ အခြေစိုက်ဖို့ စီမံနေတာလို့ ဆက်ပြောပါတယ်။
အခုအခါ ပြည်တွင်းထဲ ဝန်ကြီးဌာနအချို့ ရောက်ရှိနေသလို စီစဉ်နေတဲ့ ဝန်ကြီးဌာနတွေလဲရှိကာ ပြည်တွင်းရှိ ဝန်ကြီးဌာနအနေနဲ့ ပြည်ပမှာ ကျန်နေသေးတဲ့ ရုံးဌာနတွေနဲ့ ဟန်ချက်ညီညီ လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းထဲ NUG လက်အောက်ခံ ပ(၃)လုံးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေအကြား မလိုလားအပ်တဲ့ ပြဿနာတွေ ရှိနေသလို NUG အနေနဲ့ မြေပြင်မှာ ထိထိရောက်ရောက် အုပ်ချုပ်နိုင်တာမရှိသေးဘူးလို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။