ဇန်နဝါရီလ (၂၃)ရက်။
ရုပ်သံရိုက်ကူးထုတ်လွှင့်တာတွေကို AI နည်းပညာနဲ့ ပြောင်းလဲဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က စစ်တပ်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(တောင်ညို)မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်တွေအနေနဲ့ ရုပ်မြင်သံကြားထုတ်လွှင့်တာနဲ့ပတ်သက်ပြီး အတိုင်းအတာတခုအထိ အတွေ့အကြုံရှိပြီးဖြစ်ကာ ပြည်ပရုပ်သံလိုင်းတွေရဲ့ ရိုက်ကူးထုတ်လွှင့်တာတွေကို လေ့လာဖို့ ဆိုပါတယ်။
အခုခေတ်ဟာ နည်းပညာခေတ်၊ AI ခေတ်သို့ ရောက်ရှိနေပြီဖြစ်ကာ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ လိုက်ပါဆောင်ရွက်နိုင်ဖို့ အမြဲတမ်းလေ့လာဆောင်ရွက်နေဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပါသေးတယ်။
နောက်ပြီး ရုပ်မြင်သံကြားထုတ်လုပ်တဲ့လုပ်ငန်းကို အမြင်ကျယ်ကျယ်နဲ့ ဆောင်ရွက်ဖို့နဲ့ အများပြည်သူသိရှိဖို့ လိုအပ်တာတွေကို ထုတ်လွှင့်ပေးတာနဲ့ နိုင်ငံအကျိုးပြုတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။
စစ်တပ်က အတင်းအဓမ္မအာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့အချိန် နိုင်ငံထဲရှိ လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဝါဒဖြန့်တာတွေနဲ့ မြေပြင်နဲ့ကွဲလွဲပြီး သတင်းအချက်အလက် အမှားတွေကိုသာ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ ထုတ်လွှင့်နေတာပါ။
အခုကာလ နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ အခြေအနေမှန်ကိုလဲ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမျိုးမရှိသလို ဝါဒမှိုင်းတိုက်ဖို့သက်သက်သာ နည်းပညာအသုံးပြု အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ပြောဆိုချက်တွေအရ သိရပါတယ်။