ဇန်နဝါရီလ (၂၄)ရက်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကူအညီပေးတာတွေအပေါ် တန်ဖိုးထားတယ်လို့ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားကို ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်စား စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တက်ရောက်ခဲ့တာပါ။
အဲ့ဒီအခမ်းအနားမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့မှာ တရုတ်က အပြုသဘောဆောင် အကူအညီပေးတာနဲ့ ဒေသထဲသာမက နိုင်ငံတကာကပါ အားပေးထောက်ခံတာကို တန်ဖိုးထားတယ်လို့ ဆိုပါတယ်။
နောက်ပြီး အခုနှစ်ထဲ နှစ်နိုင်ငံအကြား ဘယ်လိုစိန်ခေါ်တာတွေကိုမဆို အောင်မြင်စွာကျော်ဖြတ်ပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းအနေနဲ့ စိတ်ကောင်းစေတနာအပြည့်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ တိုးချဲ့သွားဖို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးအခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ပေမယ့် ဒီနှစ်အခမ်းအနားကိုတော့ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ဇနီးတို့ တက်ရောက်လာတာပါ။
တရုတ်အနေနဲ့ မြန်မာပြည်တွင်းရေးကို ထဲထဲဝင်ဝင် ဝင်ရောက်စွက်ဖက်နေတာအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို နည်းမျိုးစုံ ဖိအားပေးတာတွေအပေါ် မြန်မာပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကိုးကန့်တပ်(MNDAA)နဲ့ စစ်ကောင်စီတပ်တို့အကြား အပစ်ရပ်ခဲ့တယ်လို့ သိရပြီး ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ထုတ်ပြန်တာမရှိဘူးလို့ သိရပါတယ်။